ပွင့်ဖြူ ၂၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေး စီမံချက်ဖြင့် ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုးခြင်းကို ဇွန် ၂၅ ရက်၊ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာအနီူ မုန်းချောင်းဘေးတစ်လျှောက်တွင် စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်/ချောင်းကမ်းပြိုကာကွယ်ရေးအတွက် ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာမှ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး မုန်းချောင်းဘေးတစ်လျှောက် ဗာတီဗာမြက်မျိုး ပျိုးပင်ရေ ၄၀၀ အား မိုးရာသီကာလ ကမ်းပြိုကျမှုအန္တရာယ် လျော့နည်းသက်သာစေရေးအတွက် စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာ မြက်မျိုးများ စိုက်ပျိုးခြင်းကို မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် ဂွေ့ကျေးရွာအပါအဝင် ကျေးရွာ(၅) ရွာတွင် ဗာတီဗာမြက်မျိုး ပျိုးပင်ပေါင်း ၂၀၀၀ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


