ပွင့်ဖြူ ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂ မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၄၆ ဒသမ ၉၆၅ သန်းဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန် ၁၄ ရက်က စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လွင်ဝေအောင်က ကွင်းဆင်းကြီးကြပ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ၂၅ ရာခိုင်နှုန်းခန့် ဖောက်လုပ်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကာ ဒေသခံကျေးလက်နေပြည်သူများ  အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၉၀၂ အိမ်မှ လူဦးရေ ၃၇၈၆ ဦး၏ စိုက်ပျိုးလယ်မြေဧက ၄၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုး လုပ်ကိုင်နိုင်မည်ဖြစ်ကာ သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)