ပွင့်ဖြူ ၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအရှေ့ဘက်ရှိ ရေဆိုးထုတ်မြောင်းအတွင်း စက်တင်ဘာ ၂ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ၏ အရှေ့ဘက် ရေဆိုးထုတ်မြောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သိရ၍ လယ်ကိုင်းနယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းမြင့် နှင့် တပ်ဖွဲ့ဝင်များက ကျောင်းတော်ရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းနှင့် သက်သေများ လိုက်ပါ၍ သွားရောက်စုံစမ်းစစ်ဆေးရာ ရေဆိုးထုတ်မြောင်းဘောင်ပေါ်တွင် အမျိုးသားအလောင်းအား ပြင်ပဒဏ်ရာမရှိဘဲ စစ်ဆေး တွေ့ရှိခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းရာ ရေနစ်သေဆုံးသူမှာ ကျောင်းတော်ရာကျေးရွာ မြို့သစ်ရပ်နေ ကိုမင်းနိုင်၊ အသက်(၃၅)နှစ် ဖြစ်ပြီး ၎င်း၏နေအိမ် အရှေ့ဘက်(၁၅)ပေခန့်အကွာရှိ ရေပြင်အကျယ်ပေ ၃၀၊ အနက် ၁၀ ပေခန့်ရှိ ရေဆိုးထုတ်မြောင်း အတွင်း ရေဆင်းချိုးစဉ် အနီးနားရှိ ကိုပိုင်စိုးအား ငါရေငုပ်မယ်ဟု ပြောကာ ရေငုပ်သွားပြီး ပြန်ပေါ်မလာသဖြင့် တစ်ရွာတည်းနေ ကိုပိုင်စိုး၊ ကျော်သက်၊ ကိုကိုနိုင် တို့မှ ရေမြောင်းအတွင်းဆင်း၍ ဆယ်ယူကာ ပြုစုကုသစဉ် သေဆုံးနေကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ရေနစ်သေဆုံးသည့် အလောင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ပွင့်ဖြူမြို့နယ် လယ်ကိုင်း နယ်မြေရဲကင်းစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၈/၂၀၂၀)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )