ပွင့်ဖြူ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လ ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလဆန်းပိုင်းကစတင်ပြီး ကျေးရွာ‌(၆)ရွာတွင် ကျေရွာဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ သမော်အင်းကျေးရွာ၊ လက်ပနွယ်ကျေးရွာ၊ ဥယျာဉ်ကျစ်ကျေးရွာနှင့်  ကုလားကုန်းကျေးရွာတို့တွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း (၄)ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၂)ခု၊ စုစုပေါင်းလုပ်ငန်း (၆)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ဦးဆောင်သော တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး အနီးကပ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ အဆိုပါလုပ်ငန်းများအား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၆၀၊ ပြည်သူမှထည့်ဝင်ငွေ ကျပ် ၁၁ ဒသမ ၆၇၄ သန်း စုစုပေါင်း ကျပ် ၇၁ ဒသမ ၆၇၄ သန်းနှင့် ပြည်သူ့လုပ်အားများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်​ခြေ ၁၇၄၀ အိမ်မှ လူဦး​ရ ၇၄၅၉ အား အကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်အထိ ကျေးရွာပေါင်း (၇၉)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်‌ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)