ပွင့်ဖြူ    ၁၁   မေ  

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ကျေးလက်နေ ပြည်သူများ၏ လယ်ယာ ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်အတွက် ​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ရွေးချယ်ရာတွင် ကျေးလက်ဒေသက ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်ပြသောလမ်းများကို ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးပြီး ခန့်မှန်းကုန်ကျစရိတ်နှင့် အမှန်တကယ်အကျိုးရှိမှု တို့ကို တွက်ချက်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများကို တင်ဒါ စနစ်ဖြင့် ဆွဲဝယ်ရရှိသော ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ပြီး ဌာနမှတာဝန်ရှိသူများက လုပ်ငန်းများကို ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိ​ရသည်။

ရွာသာကြီးကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၅၆၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း ၊ လက်ခုပ်ကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ ၆၆၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ အုန်းတောကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် ကံဆွယ်ကျေးရွာကုန်ထုတ်လမ်းပေါ်တွင် အရှည်ပေ ၆၀ ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်တံတား ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ရန်ပုံငွေ ၁၅၂ ဒသမ ၈၈၃ သန်းဖြင့် တင်ဒါအောင်မြင် သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူများမှလည်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက် စေရေးအတွက် ကြီးကြပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီနေပြီ ဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က  ပြောပြ၍ သိ​ရသည်။


သူရိန်(မင်းဘူး)