ပွင့်ဖြူ  ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် ဩဂုတ် ၁၇ ရက်၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက်  ရေပိုလွှဲမှ ရေကျော်နေမှု ဆက်လက်ကျဆင်းလျက်ရှိကြောင်း  အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် ထံက သိရသည်။ 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု များရှိခဲ့ပြီး ဩဂုတ်(၁၁)ရက်နေ့က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၇ ပေ ခန့် ရေကျော်ကျမှု ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တမံအတွင်း မိုးရေဝင်ရောက်မှု လျော့နည်းသွားသဖြင့် တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ၁ ဒသမ ၅ ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။   

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ ပြီးခဲ့တဲ့ရက်တွေက အထက်ပိုင်းဒေသ မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတွေ ရှိခဲ့ပြီး တမံရဲ့ ကန်ရေပြည့်အမှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ ရေကျော် ကျမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ တမံအတွင်း ရေဝင်ရောက်မှု လျော့နည်းလာတဲ့အတွက် တမံရေပိုလွှဲကနေ ရေကျော်မှု တစ်ဖြည်းဖြည်းကျဆင်းသွားပါတယ်။ ဒီနေ့မနက် (၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် အထက် ရေပိုလွှဲမှ ၁ ဒသမ ၅ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ပါတယ်။ ဒါကြောင့် တမံအောက်ဘက်ရှိပြည်သူတွေ အနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံရေဝင်မှုအခြေအနေကို အမြဲစောင့်ကြည့် နေတာဖြစ်ပြီး ထူးခြားမှု ရှိလာပါက ‌ဒေသခံပြည်သူ တွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် က ပြောကြားသည်။  

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခု ဖြစ်ကာ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အား လိုင်းသို့ ပို့လွှတ်ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံ စိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနေသဖြင့် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေ အဓိကမှီခိုအားထားရသည့် တမံတစ်ခုလည်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)