mdn


ပွင့်ဖြူ         ဩဂုတ်       ၂၃
    
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက်  ရေပိုလွှဲမှ ရေကျော်နေမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာနေကြောင်း  အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။ 
    
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု များရှိခဲ့ပြီး ဩဂုတ်(၁၁)ရက်နေ့က တမံရေပြည့်မှတ်ဖြစ်သည့် ပေ  ၃၄၀ အထက် ၂ ဒသမ ၇ ပေ ခန့် ရေကျော်ကျမှု ရှိခဲ့ရာမှ ယခုနောက်ပိုင်း မိုးရွာသွန်းမှု မရှိတော့သဖြင့် တမံအတွင်း မိုးရေဝင်ရောက်မှု တစ်နေ့ထက် တစ်နေ့ လျော့နည်းကျဆင်း လာကြောင်း သိရသည်။ 

ယနေ့ နံနက် ၆ နာရီအချိန်တိုင်းထွာချက်အရ တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ( သုည ဒသမ ၇ ) ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး ထားကြောင်းလည်း သိရသည်။   
    
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ ခုရက်ပိုင်း မိုးရွာသွန်းမှုတွေ မရှိတော့တဲ့အတွက်  တမံအတွင်း မိုးရေဝင်ရောက်မှုတွေ တဖြည်းဖြည်း လျော့နည်းကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်(၁၁)ရက်နေ့က တမံရေပြည့် အမှတ် ဖြစ်တဲ့ ပေ  ၃၄၀ အထက် ရေပိုလွှဲကနေ (၂ ဒသမ ၇)ပေခန့်အထိ ရေကျော်ကျမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ တမံအတွင်း ရေဝင်ရောက်မှု လျော့နည်းလာတဲ့အတွက် တမံရေပိုလွှဲကနေ ရေကျော်မှု တစ်ဖြည်းဖြည်း ကျဆင်းသွားပါ တယ်။ ဒီနေ့မနက် (၆)နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ်အထက် ရေပိုလွှဲမှ သုည ဒသမ ၇ ပေခန့်သာ ရေကျော်ကျမှု ရှိတော့ပါတယ်။ ဒါကြောင့် တမံအောက်ဘက်ရှိပြည်သူတွေ အနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် က ပြောကြားသည်။  

  ရဲဝင်းနိုင် ( ညောင်ဦး )