ပွင့်ဖြူ ၂၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်းခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က စတင်ကာ တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေအထက် ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျလျက်ရှိခဲ့ရာမှ ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ်ထက် ရေပိုလွှဲမှ နှစ်ပေကျော်ခန့် ဆက်လက် ရေကျော် ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံဟာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော အဓိက တမံတစ်ခုဖြစ်ပါတယ်။ မိုးဦးကာလတုန်းက မိုးရွာသွန်းမှု အားလျော့ခဲ့လို့ တမံမှာ ရေများလျော့နည်းခဲ့ပါတယ်။ ယခုလဆန်းပိုင်းက အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်းခဲ့သည့်အတွက် စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး တမံအတွင်း ရေဝင်ရောက်မှု တိုးလာကာ သတ်မှတ်ထားသော တမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ရေကျော်ကျမှု ဖြစ်ခဲ့ပါတယ်။ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေကိုလည်း ကြီးအုံကြီးဝတမံမှ ဦးစီးအရာရှိ ဦးထွန်းလွင် ၏ ဦးဆောင်မှုနဲ့ တမံအောက်ဘက်တွင်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေး နှိုးဆော်ခြင်း ၊ တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပက်သက်ပြီး အသိပေးရှင်းလင်းဆွေးနွေးမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒီနေ့ မနက် ၆ နာရီအချိန် ရေမှတ် တိုင်းထွာချက်အရ သတ်မှတ်ထားသော တမံရေပြည့်မှတ် ၃၄၀ ပေ ထက် ၃၄၂ ဒသမ ၁၀ ပေ ( ၂ ပေ ၊ ၁ လက်မ)ခန့် ရေကျော်ကျနေပါတယ်။ ခုလို တမံရေပိုလွှဲမှ ရေကျော်ကျနေပေမယ့် တမံအောက်ဘက်ရှိ ဒေသံပြည်သူတွေအတွက် စိုးရိမ်စရာ အခြေအနေ မရှိပါဘူး ။ ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ ထူးခြားမှု အခြေအနေများကို ပြည်သူတွေ ကြိုတင်သိရှိနိုင်အောင် အချိန်နဲ့ တစ်ပြေးညီ အသိပေး နှိုးဆော် ပေးသွားမှာပါ “ ဟု ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ တမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)