ပွင့်ဖြူ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများ တိုးလာခဲ့ပြီး ဩဂုတ် ၃ ရက် ယနေ့နံနက် ၉ နာရီအချိန် တိုင်းထွာရာ၌တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ အထက် ရေပိုလွှဲမှ (၁၃ ဒသမ ၃)ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိဦးထွန်းလွင်ကပြောသည်။ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက်စိုက်ပျိုးရေ အဓိက မှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကာ ယမန်နေ့က မိုးရေချိန် ၄ ဒသမ ၆၈ လက်မခန့်မိုးရွာသွန်းခဲ့မှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ထပ်မံတိုးလာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်တမံရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ( ၁၃ ဒသမ ၃ )ပေခန့် ဆက်လက်ရေကျော်ကျနေကြောင်း သိရသည်။ ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှု ရှိသော်လည်းတမံအောက်ဘက်ရှိ ပြည်သူတွေအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း၊ တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း၊ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်ရန် ရေကင်းတာဝန်ခံဦးစီးအရာရှိ ဦးထွန်းလွင်နှင့် ဦးစိုးတင့် တို့၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကရေကင်းတာဝန်ကို (၂၄)နာရီ စောင့်ကြပ်စစ်ဆေးပြီး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလက်ရှိတွင် မိုးရွာသွန်းမှုများလည်း ရပ်တန့်သွားပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံဦးစီးအရာရှိ ဦးထွန်းလွင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံးသိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ယခုကဲ့သို့ တမံအတွင်း ရေဝင်ရောက်မှု တိုးလာသည့်အချိန်တွင်ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အား ထုတ်လွှတ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုမဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ကာ ပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


