ပွင့်ဖြူ  ၆   မေ

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာကုန်ထုတ်လမ်းပေါ်တွင် ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကုန်ထုတ်တံတားလုပ်ငန်း တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

အဆိုပါတံတားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၈ ဖြင့် အလျားပေ ၆၀ ယာဉ်သွားလမ်း အကျယ်ပေ ၁၄၊ အမြင့် ၁၅ ပေရှိပြီး ဘိုးပိုင်သံကူကွန်ကရစ် ကွန်ကရစ်ကြမ်းခင်းဖြင့် တင်ဒါအောင်မြင်သော Top Lucky Brother Company မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်လို့ ကံဆွယ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ ၂ ရွာရှိ လယ်ဧက ၆၀ဝ ကျော်မှ ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ပြီး ပွင့်ဖြူမြို့အတွင်း ယခုဘဏ္ဍာနှစ်တွင် ကံဆွယ်ကျေးရွာအပါအဝင် ကျေးရွာလေးရွာတွင် ကုန်ထုတ်လမ်း နှစ်လမ်းနှင့် တံတားနှစ်စင်းတို့အား ဆောက်လုပ်ပြီးစီးပြီဖြစ်ပါကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

 

“ဒီတံတားကြီးက ကံဆွယ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ ၂ ရွာတို့က ပြည်သူတွေ နေ့စဉ် ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။ အရင်သစ်သားတံတား ကြီးကလည်း ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားတာ နှစ်တွေ ကြာတော့တိုင်တွေ၊ အခင်းတွေဆွေး လာတော့ နှစ်စဉ် ပြင်နေရတာ အခုလို ကွန်ကရစ်တံတားကြီး တည်ဆောက်ပေးနိုင်တော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဒေသခံပြည်သူတွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်”ဟု ရပ်မိ ရပ်ဖတစ်ဦးက ပြောသည်။

 

သူရိန်(မင်းဘူး)