ပွင့်ဖြူ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင် ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့်(USA) မိသားစုနှင့် ဆွေမျိုးသားချင်းများက စုပေါင်းပြီး အလှူငွေ မတည်ကာ စက်ရေတွင်း(၂)တွင်း တူးဖော်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးဖူလုံစေရေး အတွက် အလှူရှင်ရရှိအောင် အကျိုးဆောင်ပေးသည့် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတအဖွဲ့ ဥက္ကဌ ဦးကျော်ဆန်းထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် တောင်ချောင်းဆုံကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူများသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ကျေးလက်နေပြည်သူများ တောင်သူလုပ်ငန်း စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးအတွက် စက်ရေတွင်းအလှူရှင် ရရှိရေး ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတအသင်းဥက္ကဌ ဦးကျော်ဆန်းက အွန်လိုင်းမှ တစ်ဆင့် ချိတ်ဆက်၍ အကူအညီတောင်းခံခဲ့ရာ ယခုအခါ စင်ရေတွင်းအလှူရှင် ရရှိပြီဖြစ်၍ မကြာမီကာလတွင် ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာနဲ့ ကန်ရွာကျေးရွာမှာ စက်ရေတွင်း မရှိသည့်အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေ အခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် စက်ရေတွင်းအလှူရှင် ရပါပြီဗျ ။ မနေ့ကပဲ အလှူရှင်မိသားစုက စက်ရေတွင်းတူးဖို့အတွက် အလှူငွေကျပ် သိန်း ၂၀ လာရောက်လှူဒါန်းပေးသွားပါပြီ။ အလှူရှင်က တော့ ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် ( USA ) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေလို့ သိရပါတယ် ။ အလှူရှင်က ကျွန်တော်တို့ တောင်ချောင်းဆုံကျေးရွာအတွက် ငွေကျပ် သိန်း ၅၀ ၊ ကန်ရွာကျေးရွာအတွက် ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ငွေကိုတော့ ကျေးရွာတွေက ဒေသခံပြည်သူလူထု ထည့်ဝင်ငွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးရွာတစ်ရွာကို စက်ရေတွင်းနဲ့ ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တစ်လုံးစီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မကြာမီမှာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ် လိုအပ်တဲ့ကျေးရွာတွေကို စက်ရေတွင်းအလှူရှင် ရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတအသင်းက ဦးကျော်ဆန်းကို လည်း ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် တောင်ချောင်း ဆုံကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )