ပွင့်ဖြူ ၁၂ ဇွန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ လူစုလူဝေးများ မဖြစ်စေရေးအတွက် ယာယီပိတ်ထားခဲ့သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်း ဈေးကြီးအား ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်းဈေးကြီးအား ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုရာတွင် ဈေးသူ/ဈေးသားများအနေဖြင့် နှာခေါင်းစည်း ၊ လက်အိတ်များ စနစ်တကျ ဝတ်ဆင်၍ ဈေးရောင်းချရန်နှင့် ဈေးဆိုင်ခန်း တစ်ခန်းလျှင် ဆိုင်ရှင်တစ်ဦးနှင့် အရောင်းဝန်ထမ်း တစ်ဦးနှုန်းဖြင့်သာ သတ်မှတ်ရောင်းချခွင့်ပြုထားကြောင်းသိရပြီး သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်း ရှိ/မရှိ ဈေးကော်မတီအဖွဲ့မှ နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဈေးရောင်းခွင့် (၃)ရက် ပိတ်သိမ်းမည်ဖြစ်ပြီး၊ ဒုတိအကြိမ်တွင် ဈေးရောင်းခွင့် ၁၀ ရက် ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ်တွင် တည်ဆဲဉပဒေများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဈေးဝယ်သူများကိုလည်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ဖို့နဲ့ ဈေးအတွင်းမဝင်မီ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ ဈေးဝယ်ယူခြင်းများ ပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားရှိကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် လက်ရှိရောင်းချနေသည့် ယာယီပျံကျ ဈေးသည်များအား ယခင်ရောင်းချနေသည့် ယာယီပျံကျဈေး၌သာ ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး ၃ ဈေးဖြစ်သည့် ပွင့်ဖြူမြို့မဈေး၊ ကုန်းဇောင်းဈေးနှင့် ရှောက်တောဉယျာဉ်ကျစ်ဈေးတို့ရှိပြီး ပွင့်ဖြူမြို့မဈေးနှင့် ကုန်းဇောင်းဈေးတို့ကို ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသည့်အတွက် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရှောက်တောဉယျာဉ်ကျစ်ဈေးကိုလည်း သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး )


