ပွင့်ဖြူ ၁၀ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၌ ကျောင်းသား/ကျောင်းသူများအတွက် စာဖြေကျောင်းဆောင် ဆောက်လုပ်နိုင်ရေး ဖေဖော်ဝါရီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀) ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စာဖြေကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းရာတွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ကုန်းဇောင်းမြို့(အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေး ၊ ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများ မွေးထုတ်သင်ကြားပေးနိုင်ရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကုန်းဇောင်းမြို့ (အ.ထ.က)ကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာ စွာ စာမေးပွဲဖြေဆို ကျင်းပနိုင်ရေး အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်သိန်း(၅၀)အား ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံးရီနှင့် ကုန်းဇောင်း (အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )
