ပွင့်ဖြူ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၇ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။

သင်တန်းဖွင့်လှစ်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုး က ဒေသခံတောင်သူများ စိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက် ကောင်းမွန်စေရေးအတွက် သိရှိလိုက်နာမည့် အခြေခံ စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားရောဂါကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သီးနှံအလေအလွင့် ဆုံးရှုံးမှုလျော့နည်းရေး သီးနှံအချိန်မီသိမ်းဆည်းရေးဆိုင်ရာများ၊ သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင်ပါဝင်မှု လျော့နည်းရေး ဆောင်ရွက်ရန်နည်းလမ်းများ၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်နှင့် သုံးစွဲနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာသင်တန်းကို ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံတောင်သူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၇) ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှသိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )