ပွင့်ဖြူ   ဒီဇင်ဘာ   ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၃ ရက်က ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးရာတွင် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းမူဘောင်များနှင့်အညီ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြစေလိုကြောင်း ၊ စီမံကိန်းရန်ပုံငွေ စာရင်းဇယား စနစ်တကျ ပြုစုထိန်းသိမ်းကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၉ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၄ ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၂၃ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦး စုစုပေါင်း စီမံကိန်းအသင်းဝင် ဦးရေ ၁၁၆ ဦးအတွက် ပထမအကြိမ် မြစိမ်း‌ရောင်စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ အား စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)