ပွင့်ဖြူ စက်တင်ဘာ ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဆောင်ရွက်ပေးနေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အလေးထားလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၀ ရက်   နံနက် ၁၀ နာရီက မြို့နယ်ရုံးသို့ လာရောက်သည့် ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်လိုပါက မဖြစ်မနေ ပါရှိရမည့်အထောက်အထား အချက်အလက်များ၊ ပညာပေးဆောင်ပုဒ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် မဟုတ်မမှန် ဖော်ပြခြင်း (သို့မဟုတ်) ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက အရေးယူခံရမည့် ဥပဒေ၊ နည်းဥပဒေနှင့် ပြစ်မှုများ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေနှင့် မှတ်ပုံတင်ရေးအက်ဥပဒေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် စပ်လျဉ်းပြီး သိရှိလိုပါက ဆက်သွယ်မေးမြန်းရမည့် ဝန်ထမ်းများ၏ ဖုန်းနံပါတ်နှင့် ရုံးဖုန်း နံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။ 

ယနေ့ နံနက်ပိုင်းက ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း  အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က မြို့နယ်ရုံးသို့ လာရောက်သည့် ဒေသခံပြည်သူများနှင့် မြို့တွင်း ဖြတ်သန်း သွားလာသော ခရီးသွားပြည်သူများကို ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ပေးခြင်းကို  လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ် လျာထားဦးရေ ပြည့်မီရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)