ပွင့်ဖြူ  ၂၅  ဇန်နဝါရီ   

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေးအနှစ် ပြယုဂ်တစ်ခုဖြစ်သည့် ရှေးဟောင်းဘားဝပ်ကျောင်းတော်ကြီးမှာ နှစ်ကာလကြာမြင့်လာမှုကြောင့် ယိုယွင်းပျက်စီးမှုများဖြစ်နေ၍ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အဆိုပါ ရှေးဟောင်းဘားဝပ်ကျောင်းတော်ကြီး ယိုယွင်းပျက်စီးနေမှုများကို ယခုလ ၁၉ ရက်နေ့ကစတင်ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အောင် ထံမှသိရသည်။ 

 

123

 

ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်တစ်ခုဖြစ်သည့် ရှေးဟောင်းဘားဝပ် ကျောင်းတော်ကြီးသည် အလျား ၁၂၈ ပေ ၊ အနံ ၆၇ ပေ ရှိပြီး တိုင်းလုံးပေါင်း ၁၆၅ တိုင် ၊ တိုင်ခန်းပေါင်း ၁၆၅ ခန်း ပါဝင်ကာ မြေပြင်မှ ကျောင်းဆောင်အမြင့် ၃၉ ဒသမ ၉ ပေ ၊ ပြဿဒ်အမြင့် ၇၅ ပေ ရှိကာ ကျောင်းဆောင်၏ တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာတို့တွင် ကျောင်းပေါ်သို့တက်ရောက်နိုင်သည့် အတက်အဆင်း လှေကား ၃ ခုစီပါဝင်ပြီး ကျောင်းလှေကားများမှာ လှေကားထစ်ပေါင်း ၁၂ ခု ဖြင့် ဆောက်လုပ်ထားသော ရှေးဟောင်း ကျောင်းဆောင်ကြီးဖြစ်ကြောင်း အဆိုပါ ကျောင်းတော်ကြီးတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးသုန္ဒရ ထံမှ သိရသည်။ 

 

1123

 

ယခုအခါ အဆိုပါ ရှေးဟောင်းဘားဝပ်ကျောင်းဆောင်ကြီးမှာ နှစ်ကာလကြာမြင့်လာမှုကြောင့် ကျောင်းဆောင်ကြီး၏ အလယ်စင်ဝင်ရှိ တိုင်လုံးပေါင်း ၃၆ တိုင်မှာ အောက်ခြေပိုင်း ဆွေးမြေ့ ယိုယွင်းပျက်စီးနေကာ ကျောင်းဆောင်ကြီးမှာ အနည်းငယ် ယိမ်းယိုင်မှုများဖြစ်နေ၍ ဒေသခံပြည်သူများမှ ရှေးဟောင်းဘားဝပ်ကျောင်းဆောင်ကြီးအား ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေရေး ပြန်လည် ပြုပြင်ပေးရန် တင်ပြတောင်းဆိုမှုကြောင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျောင်းတော်ကြီး ယိုယွင်းပျက်စီးနေမှုအား ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် သိန်း ၃၀ ခွင့်ပြုချထားပေးခဲ့ကြောင်း သိရကာ ယခုလ ၁၉ ရက်နေ့က စတင်ပြီး မကွေးမြို့မှ ဦးခင်မောင်ညွန့် ဦးဆောင်သော ပြုပြင်တည်ဆောက်ရေးအဖွဲ့က တာဝန်ယူ၍ ပြုပြင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

“ကျွန်တော်တို့ ကျောင်းဆောင်ပြုပြင်ရေးအဖွဲ့က မကွေးမြို့ကပါ ။ ဒီရှေးဟောင်းဘားဝပ်ကျောင်းကြီးကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း အနေနဲ့က ကျောင်းဆောင်ကြီးမှာ ယိုယွင်းပျက်စီးနေတဲ့ တိုင်လုံးပေါင်း ၃၆ တိုင်ကို ပြန်လည်တည့်မတ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်လုံး ၃၆ တိုင်ဟာ အောက်ခြေတွေမှာ ယခင်က ကွန်ကရစ်လောင်းပြီး စိုက်ထူထားတာဖြစ်ပေမယ့် နှစ်ကာလကြာမြင့်နေပြီဖြစ်လို့ ကွန်ကရစ်လောင်းထားတဲ့ဟာတွေက မကောင်းတော့ပဲ တိုင်လုံးတွေရဲ့ အောက်ခြေတွေမှာ ဆွေးမြေ့ပျက်စီးသွားတာဖြစ်ပါတယ်။ တိုင်လုံးတွေရဲ့အောက်ခြေတွေ ဆွေးမြေ့ ပျက်စီးသွားတဲ့အတွက် ကျောင်းဆောင်ကြီးက အနည်းငယ် တိမ်းစောင်းသွားတာဖြစ်ပါတယ်။ အဲဒီလို ဆွေးမြေ့ပျက်စီးနေတဲ့ တိုင်လုံး ၃၆ လုံးကို ဆွဲနုတ်ပြီး ကွန်ကရစ်အသစ် ပြန်လောင်းပြီးတော့ တိုင်လုံးတွေကို တည့်မတ်အောင် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယိုင်နဲ့နေတဲ့ တိုင်လုံး ၃၆ တိုင်ကို ပြန်လည် တည့်မတ်လိုက်မယ်ဆိုရင် ကျောင်းဆောင်ကြီးကလည်း ပြန်ပြီးတည့်မတ်သွားမှာဖြစ်ပါတယ်။ ယခုလို နိုင်ငံတော် အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကျန်ရှိနေသည့် ရှေးဟောင်းကျောင်းဆောင်ကြီးတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးခြင်းဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် လေ့လာစရာ ယဉ်ကျေးမှုအမွေအနှစ်ပြယုဂ်တစ်ခုအဖြစ် အစဉ်အမြဲ ကျန်ရှိနေစေမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ရှေးဟောင်းဘားဝပ်ကျောင်းတော်ကြီးအား တာဝန်ယူပြုပြင်နေသည့် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)