ပွင့်ဖြူ ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာသစ်ကုန်းကျေးရွာအုပ်စု၊ မဲရင်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီက အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လစဉ်စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းပြုစုထိန်းသိမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ်ရွာသစ်ကုန်းကျေးရွာအုပ်စု၊ မဲရင်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များထံမှ သတ္တမအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး အဋ္ဌမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးကို ငွေကျပ် ၃၆ ဒသမ ၅၇ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၀ ကို ငွေကျပ် ၁၇ ဒသမ ၃ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၀၉ ဦးအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၃ ဒသမ ၈၇ သန်းကို အသင်းသားများ လက်ဝယ်အရောက် နေ့ချင်းပြီး စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။  

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)