ပွင့်ဖြူ၊  ၁၁ ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်  နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြောက်မုန်းမြောင်းမကြီး အရှည် ၇၅ ပေအား လမ်းအကျယ် ၁၄ ပေရှိ သံကူကွန်ကရစ် တံတား တည်ဆောက်နေမှုအား လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ကျေးရွာနေပြည်သူများ ရေရှည်သွားလာအသုံးပြုနိုင်ရန် အရည်အသွေး ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် မြောက်မုန်းမြောင်းမကြီးတစ်လျှောက် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ရေလက်တံမြောင်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)