ပွင့်ဖြူ ၁၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျွဲ၊ နွား တိရစ္ဆာန်များတွင် ခွါနာလျှာနာရောဂါ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ခွါနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ကွင်းဆင်းထိုးနှံပေးခြင်း လုပ်ငန်းကို နှစ်စဉ်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း ကျွဲ၊ နွားကောင်ရေ စုစုပေါင်း ၁၆၄၀ ကောင်အား ခွါနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းနှင့် သားငါးကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ်မွေးမြူရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တိရစ္ဆာန်အာဟာရ ဖြည့်စွက်အစာများ ထောက်ပံ့ပေးခြင်းအပြင် တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် အခမဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ကုသထိုးနှံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ကိုတော့ ကျွန်တော် ဦးဆောင်မှုနဲ့ ဝန်ထမ်းတွေအဖွဲ့ခွဲပြီး ဆောင်ရွက်တာဖြစ်ပြီး ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄ ရွာမှ ကျွဲ ၊ နွား တိရစ္ဆာန်ကောင်ရေ စုစုပေါင်း ၁၆၄၀ ကောင်ကို ခွါနာလျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးပြီဖြစ်ပါတယ်။
ဆက်လက်၍လည်း ကျန်ရှိတဲ့ ကျေးရွာတွေက ကျွဲ၊ နွားတွေကို ခွါနာလျှာနာကာကွယ်ဆေးများ ထိုးနှံပေးသွားမှာဖြစ်သွားမှာဖြစ်ပြီး တခြား ကြက်၊ ဝက်၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များကိုလည်း ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေကို တိရစ္ဆာန်အစာအိတ်တွေ အခါအားလျော်စွာ ထောက်ပံ့မှုတွေကိုလည်း ပြုလုပ်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


