ပွင့်ဖြူ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မင်းဇံကျေးရွာနှင့် ဘူးသည်ကျေးရွာကြားရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် စေတနာအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ကျေးရွာနေပြည်သူများက စုပေါင်းပြီး ယာယီတံတား ဆောက်လုပ်လျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက်က ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မင်းဇံကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စုရှိကာ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး မုန်းချောင်းရေသည် မြို့အနီးမှ ရစ်ခွေစီးဆင်းလျက်ရှိ၍ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေဖူလုံ၍ နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြသည်။ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခုလို ပွင့်လင်းရာသီ ရောက်ရှိလာသည့်အချိန်တွင် ကျေးရွာတစ်ရွာနှင့် တစ်ရွာ ကူးလူးဖြတ်သန်သွားလာနိုင်ရန်၊ ကျေးလက်နှင့် မြို့ပြ အချိန်ကုန်လူပင်ပန်းသက်သာစွာ သွားလာနိုင်ရေးအတွက် ကျေးရွာနေပြည်သူများက စုပေါင်းပြီး မုန်းချောင်းအား ယာယီဝါးတံတား ဆောက်လုပ်၍ သွားလာကြရကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မုန်းချောင်းရေ ရစ်ခွေစီးဆင်းနေတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မုန်းချောင်းဘေး တစ်လျှောက်က ကျေးရွာတွေဟာ သွားလာရေး အခက်အခဲမဖြစ်စေရေးအတွက် ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ အများစုပေါင်းပြီး မုန်းချောင်းကို ယာယီဝါးတံတား ဆောက်လုပ်ကြပြီးတော့ ကူးလူးဖြတ်သန်း သွားလာကြတာ ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ မင်းဇံကျေးရွာနှင့် ဘူးသည်ကျေးရွာ ဆက်သွယ်သွားလာရေး လွယ်ကူစေရန်အတွက် စေတနာအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေနဲ့ ကျေးရွာနေပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ မင်းဇံ - ဘူးသည်ကျေးရွာကြားရှိ မုန်းချောင်းအား ယာယီဝါးတံတား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့ ဒေသခံပြည်သူများအနေဖြင့် တစ်ရွာနှင့် တစ်ရွာ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်မည့်အပြင် ပွင့်ဖြူမြို့ကိုလည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် မင်းဇံကျေးရွာမှ ဒေသခံပြည်သူ ဦးဘိုဌေးက ပြောသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)