ပွင့်ဖြူ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်(၁၀)ရက်က စတင်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၁၆ ရက် နေ့အထိ ဒေသခံတောင်သူ စုစုပေါင်း ၉၀၁ ဦးအား ချေးငွေ ကျပ် ၆၉၅၂၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။
အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ ၊ ကျွဲတံခါးကျေးရွာ ၊ ချောင်းဆုံကျေးရွာ ၊ အနောက်လေးအိမ်ကျေးရွာ ၊ လက်ပနွယ်ကျေးရွာ ၊ ညောင်ပင်ရွာကျေးရွာ ၊ လက်ခုပ်ကျေးရွာတို့မှ ဒေသခံတောင်သူ စုစုပေါင်း ၆၂ ဦးအား မိုးစပါးစိုက်ဧက ၂၀၂ ဧက ၊ အခြားသီးနှံ ၅၂ ဧကအတွက် ချေးငွေကျပ် ၃၅၅ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရကာ ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ပြီး တောင်သူများအား ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလတွင် အချိန်မီပေးဆပ်ရန်တို့ကို အသိပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကို ဇွန်လ(၁၀)ရက်နေ့မှ စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့အထိ တောင်သူဦးရေပေါင်း ၉၀၁ ဦးအား စပါးသီးနှံ ၄၃၃၇ ဧကနှင့် အခြားသီးနှံ ၄၄၇ ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၆၉၅၂၅၀၀၀၀ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ၊ ကျန်ရှိသည့် ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


