ပွင့်ဖြူ မတ် ၁၄
ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက် ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကျေးရွာနေပြည်သူများ အဆင်ပြေစွာ သွားလာအသုံးပြုလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် မြေနီကျောက်စရစ်လမ်းခင်းခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်က စတင်ပြီး စက်ယန္တရားများဖြင့် ပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့ရာ မတ် ၂ ရက်တွင် ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါ ညောင်ပင်စောက် ကျေးရွာမှ ဒေသခံပြည်သူများက ပြောပြခဲ့သည်။
ယခုအခါ မုန်းဇလဲ - ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ တစ်ရွာနှင့် တစ်ရွာ လွယ်လင့်တကူ ကူးလူးဖြတ်သန်း သွားလာခွင့် ရရှိသွားပြီ ဖြစ်ကာ လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း အဆင်ပြေစွာ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )