ပွင့်ဖြူ ၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ကြက်ခြေနီ အခြေခံ ရှေးဦးပြုစုနည်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက်၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တင်သန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့် အခြေခံရှေးဦးပြုစုနည်းဆိုင်ရာဘာသာရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ငါးခြောက်ကျွန်း ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော် က သင်တန်းလာရောက် ဖွင့်လှစ် သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ အခြေခံ ရှေးဦးပြုစု နည်းပညာရပ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ သင်တန်းသား ၈၄ ဦး တက်ရောက်ကြပြီး သင်တန်းအား ဒီဇင်ဘာ ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


