ပွင့်ဖြူ    ၁၀    ဒီဇင်ဘာ    

  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ကြက်ခြေနီ အခြေခံ ရှေးဦးပြုစုနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးမှ ဒုတိယဉက္ကဋ္ဌ ဦးအောင်စန်းမြင့်တို့က မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထိရောက်စွာ ကာကွယ်ဟန့်တား သွားနိုင်ရေး သင်တန်းမှ လေ့လာသင်ယူခဲ့ရသော ဘေးအန္တရာယ်ရှာဖွေ ကူညီကယ်ဆယ်ရေး ပညာများနှင့် အခြေခံရှေးဦးပြုစုကုသနည်းပညာများကို လက်တွေ့အသုံးချကာ ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ၊ မိမိတတ်သိနားလည်ထားသည့် ပညာရပ်များကိုလည်း ရပ်ရွာရှိ လူငယ်လူရွယ် များကို လက်ဆင့်ကမ်းမျှဝေ သင်ကြားပြသပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

25892

 

၎င်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြက်ခြေနီ အခြေခံ ရှေးဦးပြုစုနည်း သင်တန်းတွင်(ပထမ ၊ ဒုတိယ ၊ တတိယ) ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုး ကူညီဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်းသင်တန်းသို့ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်း ကျေးရွာ (အ.ထ.က) ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ သင်တန်းသား ၈၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအား ဒီဇင်ဘာ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ (၅)ရက်ကြာ သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးနှင့် အခြေခံရှေးဦးပြုစုနည်းစနစ်များကို စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)