ပွင့်ဖြူ ၂၂ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် ဩဂုတ် ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုကျေးရွာအနီး မြောက်မုန်းမြောင်းမကြီးတွင် အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရ၍ ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမွန် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ လူမှုကူညီရေးအသင်းမှ အသင်းသားများ၊ ကျေးရွာနေပြည်သူများနှင့် စုပေါင်းရှာဖွေရာ မတွေ့ရှိသဖြင့် ယနေ့နံနက် ၆ နာရီအချိန်တွင် ဆက်လက်ကြိုးပမ်းရှာဖွေရာ မြောက်မုန်းမြောင်းမကြီးမှ စိုက်ပျိုးရေဖြန့်ဝေ ပေးထားသည့် ပွင့်ဖြူ-ဆင်ဖြူကျွန်းလက်တံခွဲမြောင်း ရေတံခါးအနီး ထောင်တိုင်အမှတ် ၁၀၀၁ နှင့် ၁၀၀၂ အကြားတွင် ရေနစ်ခဲ့သော အမျိုးသားအား သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ရာ သေဆုံးသူမှာ ပေါက်မြို့နယ် ကျောက်ကာကျေးရွာအုပ်စု၊ သစ်ချိုကုန်းကျေးရွာနေ ဦးစန်းဝင်း၊ အသက်(၄၈)နှစ် ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ဩဂုတ် ၂၁ ရက်နေ့က မကွေးမှအပြန်တွင် ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာအနီး မြောက်မုန်းမြောင်းမကြီးသို့ ရောက်ရှိပြီး ခေတ္တနားစဉ် မြောင်းအတွင်း ရေချိုးဆင်းရာမှ ရေစီးနှင့်အတူ မျောပါသွားကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)