ပွင့်ဖြူ ၁၉ မတ်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့ရိုးရာ အခြေခံကဗျာလွတ် အကသင်တန်းဆင်းပွဲကို မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက မြန်မာ့ရိုးရာ ဆံရစ်ဝိုင်းယဉ်ကျေးမှု အမွေအနှစ်အား တန်ဖိုးထား ထိန်းသိမ်းမှုအပေါ် မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်းနှင့် သင်တန်းမှ ပို့ချသင်ကြားပေးသည့် မြန်မာ့ရိုးရာ အခြေခံ ကဗျာလွတ်အက ပညာရပ်ကို စနစ်တကျ လေ့ကျင့်ကာ ကျေးရွာရှိ အကဝါသနာပါသော အမျိုးသမီးများကို လက်ဆင့်ကမ်း မျှဝေသင်ကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းနည်းပြဆရာမ (၂)ဦးအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ရေပုတ်ကြီးကျေးရွာရှိ အမျိုးသမီးငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်းထားသိုမှု ဓလေ့ကို ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံအတွက် များစွာဂုဏ်ယူစရာပင်ဖြစ်ပါကြောင်း၊ ယခု ဖွင့်လှစ်သင်ကြားပေးသည့် အခြေခံကဗျာလွတ်အက ပညာရပ်သည်လည်း တန်ဖိုးထားထိန်းသိမ်းရမည့် ယဉ်ကျေးမှုအနုပညာတစ်ခုပင် ဖြစ်ပါကြောင်းနှင့် သင်တန်းသူ ဆံရစ်ဝိုင်း အမျိုးသမီးငယ်များအနေဖြင့် ကျွမ်းကျင်စွာ ကပြနိုင်အောင် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရေပုတ်ကြီးကျေးရွာရှိ အခြေခံ ကဗျာလွတ်အက သင်တန်းသူ ဆံရစ်ဝိုင်းအမျိုးသမီးငယ်များက သင်တန်းမှ လေ့ကျင့်သင်ကြားပေးသည့် ကဗျာလွတ်အကဖြင့် တက်ရောက်လာသူများကို ဖျော်ဖြေကပြခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ ကဗျာလွတ်အကသင်တန်းကို မတ် ၁၃ ရက်မှ ၁၉ ရက်အထိ တစ်ပတ်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရပြီး ရေပုတ်ကြီးကျေးရွာရှိ ဆံရစ်ဝိုင်းအမျိုးသမီးငယ် ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


