ပွင့်ဖြူ ၂၁ ဧပြီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သာဂရကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် အရှည်ပေ ၆၄၀၀ အား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ သာဂရကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းမှ ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူ လူထုမှ ငွေကျပ်(၆)သိန်း ထည့်ဝင်၍ လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်လမ်းအဖြစ် မတ်လကုန်ကစတင်၍ အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် (၈၀)ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
သာဂရကျေးရွာသည် အိမ်ခြေ ၅၅၂ အိမ်၊ လူဦးရေ ၁၆၇၂ ဦး နေထိုင်လျက်ရှိကြောင်းသိရပြီး ယခုဆောင်ရွက်သည့် ကျေးရွာအဝင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာနေ ပြည်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ကျေးရွာပေါင်း(၁၆)ရွာ စိစစ်ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း(၁၆)ခု အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)