ပွင့်ဖြူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးရှိ ပန်းဆေးကန်ဘုရား ကွင်းပြင်တွင် အရိပ်ရသစ်ပင်ကြီး ၁၆၅၀ ပင်စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးအောင်မော်ထံမှ သိရသည်။
"ယခု ၂၀၂၂ ခုနှစ်၊ မိုးရာသီမှာ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီးက ပန်းဆေးကန်ဘုရားကွင်းပြင်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေဖို့နဲ့ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး အရိပ်ရသစ်ပင်ကြီးများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ စိုက်ပျိုးထားတဲ့ အရိပ်ရ ပျိုးပင်ကြီးတွေကတော့ ကျွန်း ၊ ယူကလစ် ၊ ဝါး ၊ ခရေ ၊ တမာ ၊ မဲဇလီ ၊ သစ်စိမ့် ၊ စိန်ပန်း ၊ မြန်မာကုက္ကို ၊ ရေတမာ စတဲ့ အရိပ်ရသစ်ပင်ကြီး(၁၀)မျိုး အပင်ရေအတွက် စုစုပေါင်း ၁၆၅၀ ပင် စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ အရိပ်သစ်ပင်ကြီးတွေ စိုက်ပျိုးရာတွင် ကျွဲ၊ နွား တိရစ္ဆာန်များကြောင့် ထိခိုက်မှု မဖြစ်စေရေးအတွက် ခြံဝန်းခတ်ပြီးတော့ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ယခုလို သစ်ပင်စိုက်ပျိုးပွဲတော်ကို စိုက်ပျိုး ပေးခြင်းဖြင့် ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းမှာ ပူးပေါင်းပါဝင် ဆောင်ရွက် လာစေခြင်း၊ လူထုကိုယ်တိုင် သစ်ပင်စိုက်ပျိုးခြင်းနှင့် စည်းကမ်းမဲ့သစ်ပင်များ ခုတ်လှဲခြင်းတို့ကို ရှောင်ကြဉ် စေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် က ပြောသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ်၊ ကျွန်း ၊ ကံ့ကော် ၊ ရှား ၊ တမာ ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ ရေတမာ ၊ ခရေ ၊ ပိန္နဲ ၊ ကဗွီး ၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကျေးလက်ဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့်ပျက်စီးသည့် သစ်တောသစ်ပင်များကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)