ပွင့်ဖြူ၊ ၅  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝတောများ ကောင်းမွန်စေရေးအတွက် ပွင့်ဖြူမြို့နယ် ရွှေစက်တော်ကြိုးဝိုင်းတွင် ရေဝေရေလဲစိုက်ခင်း ဧက(၃၀) အကောင်အထည်ဖော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ လျော့နည်းပပျောက်စေရန်၊ သဘာဝ သစ်တောများ ပြန်လည်ကောင်းမွန် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ ယူကလစ်၊ ကျွန်း၊ ကံ့ကော် စသည့် အရိပ်ရပျိုးပင်များကို ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဧရာဝတီမြစ်နှင့် မုန်းချောင်းဘေးအနီး ကျေးရွာများတွင် ကမ်းပါးပြိုကျမှုအန္တရာယ် ကင်းဝေးစေရေး ဗာတီဗာမြက်ပျိုးပင်များကို ပြုစုပျိုးထောင်၍ ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်းကာ စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်းနှင့် သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ  ပြန်လည်ကောင်းမွန်စေရေး ရေဝေရေလဲ စိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခု  ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝသစ်တောများ ပြန်လည်ကောင်းမွန် စိမ်းလန်းစိုပြည် စေရေးအတွက် ပွင့်ဖြူမြို့နယ် ရွှေစက်တော်ကြိုးဝိုင်းအတွင်း အကွက်အမှတ်(၉)တွင် ရေဝေရေလဲ စိုက်ခင်း ဧက(၃၀)အား ယူကလစ်အရိပ်ရပင် ၄၀၀၀ နှင့် ရှားပင် ၂၀၀၀ စုစုပေါင်း အရိပ်ရပင် ၆၀၀၀ အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေဝေရေလဲစိုက်ခင်းအား အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော် ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြေကျင်းတူးခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနအနေနဲ့ ယခုလာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီမှာ မြို့နယ်အတွင်း သဘာဝသစ်တောများ ပြန်လည်ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်း ဧက(၃၀)မှာ ယူကလစ်နဲ့ ရှား အရိပ်ရပင် ၆၀၀၀ စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမယ့် အရိပ်ရပင်တွေကိုလည်း မဲဇလီပျိုး ဥယျာဉ်ခြံမှာ ပျိုးထောင်ထားရှိပြီး ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ အရိပ်ရပျိုးပင်တွေ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြေကျင်းတူးဖော်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်လျက် ရှိပါတယ်။ နောက်ပြီး သစ်တောပြုန်းတီးမှု လျော့နည်းစေရေးအတွက် ရွှေစက်တော်ဘေးမဲ့တောအတွင်း တောပျက်မြေကွက်လပ်များတွင် (၁/၂၀၁၅) ကျေးရွာ ထင်းစိုက်ခင်း ဧက(၅၀)နဲ့ (၁/၂၀၁၆) ကျေးရွာထင်းစိုက်ခင်း (၁၅)ဧက တို့ကို တည်ထောင်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကျေးရွာထင်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိလို့ ကျေးလက်နေပြည်သူများရဲ့ လိုအပ်ချက်ဖြစ်တဲ့ ထင်းကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မှာ ဖြစ်တာကြောင့် သစ်တောပြုန်းတီးမှုကို လျှော့ချသွားနိုင်မှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်က ပြောသည်။  

ရဲဝင်းနိုင်(ညောင်ဦး)