ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီ မြစ်/ချောင်းကမ်းပါးပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာရှိ ဒေသခံပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်/ချောင်းကမ်းပါးပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်များ စိုက်ပျိုးခြင်းကို ယခု ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဗာတီဗာမြက်ပျိုးပင်ပေါင်း ၆၀၀၀ စိုက်ပျိုးရန် လျာထားရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာသို့ သွားရောက်ပြီး မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဗာတီဗာမြက်ပျိုးပင်၂၀၀၀ အား မုန်းချောင်းကမ်းပါးတစ်လျှောက် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြသည်။
ယင်း ဗာတီဗာမြက်စိုက်ပျိုးခြင်းသည် အပင်ပေါက်ပွားမှုအားကောင်းပြီး မြေပြိုကျမှုအား ကာကွယ်ပေးသည့် အတွက် မြစ်/ချောင်းကမ်းပါးပြိုကျမှုကာကွယ်ရေးစီမံချက်ဖြင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ကျေးရွာများနှင့် မုန်းချောင်းကမ်းပါးတစ်လျှောက်ကျေးရွာများတွင် ကျေးရွာလူထုနှင့် ပူးပေါင်း အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


