ပွင့်ဖြူ ၂၈ မေ   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု၊ သံကိုင်းကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးမည့် အတိုးနှုန်းထားများနှင့် ရန်ပုံငွေများ ထုတ်ချေးရာ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်၍ လာရောက်ကြရန်၊ လူစုလူဝေး မဖြစ်စေရန် (၆)ပေ အကွာစီနေ၍ စနစ်တကျ ထုတ်ချေးကြရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် စီမံကိန်းရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။

 

ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင် စီမံကိန်းဝင်အသင်းသား စုစုပေါင်း ၁၇၈ ဦးရှိပြီး မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပဉ္စမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် ၅၁ ဒသမ ၁၃၃ သန်းအား အသင်းသားများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)