ပွင့်ဖြူ ၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်မည့် (၄) ခန်းတွဲဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီက အဆိုပါ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မကွေးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ယူ ဆောက်လုပ်မည့် ဆန်းသစ်အောင်လှိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မင်္ဂလာအချိန်တွင် တက်ရောက်လာကြသူများက (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တိုင်များ စိုက်ထူခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယခု ဆောက်လုပ်မည့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ အဆောက်အအုံမှာ အလျား ၈၈ ပေ၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ အာရ်စီတစ်ထပ် ဆောက်လုပ်သွားမှာဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၇၀၉၇၀၀၀၀ ဖြင့် တင်ဒါအောင်မြင်သည့် ဆန်းသစ်အောင်လှိုင်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


