ပွင့်ဖြူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် စက်တင်ဘာ ၁၂ ရက် ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၂ ဒသမ ၉၆ သန်းဖြင့် အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေ အာရ်စီနှစ်ထပ် အိပ်ဆောင်အဆောက်အအုံသစ် (၅၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တင်ဒါစနစ်ဖြင့် တာဝန်ယူ တည်ဆောက်သည့် မကွေးမြို့၊ Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက အာရ်စီနှစ်ထပ် အိပ်ဆောင်အဆောက်အအုံသစ် တည်ဆောက်နေမှုလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အဆောက်အအုံ ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီအောင်တည်ဆောက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများ အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာတိုက်နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ် နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၁၅၂ ဒသမ ၀၇၉ သန်းဖြင့် အလျား(၄၅)ပေ ၊ အနံ(၅၀)ပေ ၊ အမြင့် (၂၆)ပေ ရှိ အာရ်စီနှစ်ထပ် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် (၅၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် မကွေးမြို့၊ Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဝေယံထွန်းနှင့် ဒေါ်စုသက်မောင်တို့က မီးသတ်စခန်းအဆောက်အအုံသစ် ဆောက်လုပ်နေမှုနှင့် စပ်လျဉ်းပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


