ပွင့်ဖြူ ၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လယ်ယာ ထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၂ ဒသမ ၈၈၃ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်း၊ တံတား ၂ စင်းနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက် နေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ရွေးချယ်ရာတွင် ကျေးလက်ဒေသက ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်ပြသောလမ်းများကို ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး ခန့်မှန်းကုန်ကျစရိတ်နှင့် အမှန်တကယ် အကျိုးရှိမှုတို့ကို တွက်ချက်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများကို ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ရွာသာကြီးကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၅၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ လက်ခုပ်ကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၆၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အုန်းတောကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကံဆွယ်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် အရှည်ပေ ၆၀ ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်တံတား ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၁၅၂ ဒသမ ၈၈၃ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
သူရိန်(မင်းဘူး)