မကွေး၊ ၁၇ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ခရမ်းချဉ်သီး ရာသီချိန်အပြီး၌ ခရမ်းသီး(အစိမ်းရောင်) စိုက်ပျိုးရေးကို တွင်ကျယ်စွာ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
"ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်က ပြီးခဲ့တဲ့လက ပြီးခဲ့တယ်။ အခုကာလကျတော့ ရာသီဥတုက တအားပူပြင်းလွန်းလို့ ခရမ်းချဉ်သီးစိုက်လို့ မသင့်တော်တော့ဘူး။ ခရမ်းချဉ်ပင်တွေ ဖျက်အပြီးမှာ ကျွန်တော်တို့အခု စိုက်နေကြတာကတော့ ခရမ်းသီးအရှည်(အစိမ်းရောင်)ပါ။ နှပ်စားတဲ့ ခရမ်းသီးမျိုးပါ။ အလုံးအရှည်က ခုနစ်လက်မ၊ ရှစ်လက်မလောက် ရှည်တဲ့အမျိုးပါ။ သူက ဈေးကွက်ကောင်းတယ်။ တစ်နှစ်ပတ်လည်လုံး စိုက်လို့ရတယ်။ တပိုင်တစ်နိုင် နိုင်သလောက်စိုက်နေကြတာပါ။ ထွက်လာတဲ့ ခရမ်းသီးတွေကိုတော့ ပွင့်ဖြူမြို့က ဈေးတွေကို တင်ပို့ရောင်းချကြပါတယ်"ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စားဖိုဆောင်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်နေသူ ကိုအောင်ချမ်းသာက ပြောသည်။
နွေခရမ်းစိုက်ပျိုးရေးကို ဇန်နဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး ဆောင်းခရမ်းစိုက်ပျိုးရေးကို အောက်တိုဘာလဝန်းကျင်တွင် စတင်စိုက်ပျိုးလေ့ရှိကာ နှစ်ပတ်လည်လုံး မပြတ်စိုက်ပျိုးနိုင်ကြောင်း သိရသည်။
"ဇန်နဝါရီ၊ ဖေဖော်ဝါရီလက စတင်စိုက်ပျိုးပြီးရင် ဧပြီလကျော်၊ မေလပိုင်းလောက်ဆို ခူးဆွတ်ရောင်းချလို့ရပါပြီ။ စိုက်သက်တမ်းက နှစ်လခွဲပဲကြာတော့ ငွေပေါ်တာလည်း မြန်ပါတယ်။ စိုက်ပြီးတာနဲ့ နောက်ထပ် ခြောက်လလောက် ဆက်တိုက်ခူးရောင်းသွားရုံပါပဲ။ ဆောင်းခရမ်း မပေါ်ခင်အချိန်အထိပေါ့။ ခရမ်းစိုက်ပျိုးတာက ပိုးကျများတာကြောင့် ပိုးကိုတော့ နိုင်အောင်လုပ်ရတယ်။ သွင်းအားစုစရိတ်တော့ ကုန်ကျနိုင်ပါတယ်။ ပိုးသတ်ဆေးနဲ့ ကွန်ပေါင်းမြေဩဇာကို ကိုယ်ခြံရဲ့အနေအထားအလိုက် လေးရက်တစ်ပတ်၊ ငါးရက်တစ်ပတ် စသဖြင့် သတ်မှတ်ထားတဲ့အတိုင်း ကျွေးမွေးပေးရတယ်။ ပမာဏနည်းနည်းစီ ပုံမှန်ကျွေးမွေးပေးသွားတာမျိုးဆိုရင်လည်း ကောင်းပါတယ်"ဟု ကိုအောင်ချမ်းသာက ဆက်လက်ပြောသည်။
အဆိုပါ ခရမ်းသီးရှည်(အစိမ်းရောင်) စိုက်ပျိုးရေးအတွက် ဧကတစ်ဝက်စာ(0.50%) စိုက်ပျိုးစရိတ်မှာ မျိုးဖိုး၊ သွင်းအားစုစရိတ်တို့အပါအဝင် စုစုပေါင်း ကျပ် (၈)သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။
နန်းထက်ထက်ချစ်


