ပွင့်ဖြူ ၁၃ ဇန်နဝါရီ
ပွင့်ဖြူမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၂ ရက်က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးမင်းက ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများအား ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်မောင်းနှင်ရာတွင် အချက်ပြမီး အသုံးပြု မောင်းနှင်သွားလာခြင်း နည်းစနစ်များကို ပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် အာမခံလုပ်ငန်းမှ တာဝန်ရှိသူများက မော်တော်ယာဉ် သက်တမ်းတိုး ၆ စီး၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုး ၂၉၄ စီး၊ ထော်လာဂျီ သက်တမ်းတိုး ၃ စီး၊ သုံးဘီးဆိုင်ကယ် သက်တမ်းတိုး ၁ စီး၊ (က) ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်သူ ၉၉ ဦး၊ သုံးဘီးဆိုင်ကယ် (ဟ)လိုင်စင် ၂ ဦး၊ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး (၅၀)ဦး၊ သင်မောင်းလိုင်စင်အသစ် ၂ ဦး၊ သင်မောင်းလိုင်စင် သက်တမ်းတိုး ၂ ဦးတို့ကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်တမ်းတိုးခြင်းလုပ်ငန်းများကို မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တိုးခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ အချိန်ကုန် လူပင်ပန်းသက်သာစွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)