ပွင့်ဖြူ၊    ၇      ဒီဇင်ဘာ       

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေရရှိရေးအတွက် ဆည်ရေဖြန့်ဝေပေးမှု အခြေအနေများအား ဒီဇင်ဘာ ၆ ရက် ၊ မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

           

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းထိုက် သည် မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင် ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် နှင့် ဝန်ထမ်းများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများ အိုင်းမဆည်ရေသောက် ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားရှိသော မိုးစပါးသီးနှံစိုက်ခင်းများအတွက် သီးနှံအောင်ရေရရှိရေး ကုလားဟောင်းမြောင်းဖျား ဆည်ရေဖြန့်ဝေပေးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်နှင့် ဝန်ထမ်းများက တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် သီးနှံအောင်ရေရရှိရေး ဖြန့်ဝေပေးနေမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြသည်။

           

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် မိုးစပါးသီးနှံစိုက်ခင်းများ အတွက် သီးနှံအောင်ရေ အပြည့်အဝရရှိရေး ဆည်ရေအား စနစ်တကျ ဖြန့်ဝေပေးသွားရန်နှင့် ဆည်ရေ အလေအလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ဂရုတစ်စိုက် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

           

ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ပျိုးဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရပြီး ယခုအခါ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများအား သီးနှံအောင်ရေ အပြည့်အဝရရှိရေးအတွက်  ရေပေးဝေသည့်လက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံက သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )