ပွင့်ဖြူ၊ ၃ ဇန်နဝါရီ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် သာဂရကျေးရွာရှိ စာသင်ကျောင်း၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိရေးအတွက် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ယခုလို တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများ စပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်စပါးနှင့် သွင်းအားစုဓာတ်မြေဩဇာများကို ချမ်းမြေဇေယျာကုမ္ပဏီမှ ယာယီအကြွေးစနစ်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ စပါးသီးနှံပေါ်ချိန်တွင်လည်း စပါးတင်းရေ (၁၀၀)လျှင် ငွေကျပ်(၆)သိန်းဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်းနှင့် တောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများကို မိမိတို့ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးဝင်းထိုက်က မြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သော ဆန်စပါးဈေးကွက် ကောင်းမွန်စေရေးသည် အရေးကြီးသည့်အတွက် တောင်သူများ အခက်အခဲမဖြစ်စေရေး ယခုကဲ့သို့ ဆန်စပါးဈေးကွက် ဖော်ဆောင်ရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စပါးသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းတွင် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရပြီး အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ သာဂရကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)