ပွင့်ဖြူ မေ ၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

နေကြာမျိုးစေ့သီးနှံ ထောက်ပံ့ပေးရာတွင် မြို့နယ်အဆင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံတောင်သူများ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံနေကြာအား တိုးချဲ့စိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးကုန်ကျစရိတ် သက်သာသည့်အပြင် ဈေးကွက်ဝင်သီးနှံဖြစ်၍ တောင်သူသီးနှံဝင်ငွေ တိုးပွားစေမည်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရာ၌ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် စိုက်ပျိုးနည်းစနစ်နှင့် သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက် လုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက နေကြာသီးနှံမျိုးစေ့ ထောက်ပံ့ပေးမည့် အခြေအနေနှင့် နေကြာသီးနှံစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မြို့နယ်အဆင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးနေကြာသီးနှံ(သီးညှပ်) စိုက်ပျိုးမည့် ကျေးရွာအုပ်စု (၄၄)အုပ်စုမှ စိုက်ပျိုးမြေဧက ၁၅၀၃ ဧကအတွက် နေကြာသီးနှံမျိုးစေ့ (၉၄)တင်းအား တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ခုနှစ် (နွေ၊ မိုး၊ ဆောင်း) သီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီ ဖူလုံစေရန်၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံဧက ၈၄၅၈၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)