ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် အရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက်က တောင်သူများ သီးနှံစိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေပို့လွှတ်သော တောင်မုန်းမြောင်းမကြီးဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ပျိုးလယ်မြေများ ဆည်ရေအဆင်ပြေစွာ ရယူစိုက်ပျိုးနိုင်ရေးအတွက် လက်တံ(၄) ကုလားဟောင်း ပင်းတားရေပေးမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် လက်တံခွဲရေမြောင်းများ မြောင်းဆုံးမြောင်းဖျား ရေရရှိရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများသည် တောင်မုန်းမြောင်းမကြီးဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီ ရေလွှဲဆည်မှ ဆည်ရေများကို စနစ်တကျ ဖြန့်ဝေပေးနေမှုအခြေအနေများနှင့် စိုက်ပျိုးလယ်မြေအလိုက် ဆည်ရေရရှိရေး အတွက် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဒေသခံတောင်သူများက စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ တောင်သူများအနေဖြင့် စိုက်ပျိုးရေရယူသုံးစွဲရာတွင် ဆည်ရေ အလေအလွင့် မဖြစ်စေရေးအတွက် စနစ်တကျ ရယူသုံးစွဲကြရန်နှင့် စိုက်ပျိုးရေအခက်အခဲရှိပါက အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့၍ အကူအညီရယူဆောင်ရွက်သွားစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးနှင့် အခြားမိုးသီးနှံ ၉၀၉၈၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှ သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


