ပွင့်ဖြူ   ၂၉    မေ 

    

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဖြစ်သည့် ပွင့်ဖြူမြို့မဈေး ၊ ကုန်းဇောင်း ဈေးနှင့် ရှောက်တောဈေးများရှိ ဈေးရောင်းသူများ အဆင်ပြေစေရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်း များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့ နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က အဖွင့်အမှာစကား ပြောကြားပြီး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် ရောင်းချနေသော ဈေးသူ ဈေးသားများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သော ရောဂါပိုးဖြစ်ရာ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်မှသာလျှင် ထိရောက်စွာကာကွယ် ဟန့်တားနိုင်မည် ဖြစ်၍ ဈေးများကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုပါက ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုများကို အလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ချမှတ်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် တွေ့ကြုံရမည့် အခက်အခဲများကို အကြံပြုဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )