ပွင့်ဖြူ ၊ ၇ ဇန်နဝါရီ      

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးနေကြသည့် ရေများအား ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကံဆွယ်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေရှားပါးသည့် ကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်​ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျေးလက် - ပြည်သူ - ယူနီဆက်အဖွဲ့တို့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀၄ ရွာအနက် ကျေးရွာပေါင်း ၅၆ ရွာ၌ ဒေသခံပြည်သူများ လက်ရှိသုံးစွဲနေသည့် သောက်သုံးရေများတွင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားတတ်သည့် ဗက်တီးရီးယား ရောဂါပိုးမွှားများ ပါဝင်နေမှု ရှိ/ မရှိ Ecoli Test Kit များဖြင့် ရေအရည်အသွေး  စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ စစ်ဆေးရာတွင် နှစ်ရက်အကြာ သင့်တင့်သောအပူချိန်၌ ထားပြီးမှသာ အဖြေသိရှိရပြီး Data Entry ရေးသွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ယခုလ ၁၅ ရက်တွင် အပြီးစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှသိရသည်။  

 

sရဲဝင်းနိုင် ( ပြန်/ဆက် )