ပွင့်ဖြူ မေ ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါးနှင့် နွေနှမ်းစံပြကွက်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ သီးနှံအထွက်နှုန်း တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးဆန်းဝင်း၏ ကွင်းအမှတ် (၉၀၅) နွေနှမ်းအထွက်တိုး စံပြကွက်(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံကာ ဆီစားသုံးမှု ဖူလုံစေရေးနှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ကျောင်းစုကျေးရရွာ ကွင်းအမှတ်(၇၈၄) တောင်သူ(၁၈)ဦး၏ စုပေါင်းစိုက်ပျိုးထားသော အထွက်တိုး ဆာဖိုးသာ စပါးမျိုး အကွက်ကျယ်စံပြကွက် ဧက(၅၀)တွင် နွေစပါး ဥကပ်ပါးနဂျီလွှတ်ခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး တောင်သူများနှင့် တွေ့ဆုံကာ နွေသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရေး သီးနှံအလိုက် လျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးကြရန်၊ ထိုသို့ စိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အသုံးပြုရာတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝဓာတ်မြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေကို အကျိုးရှိရှိ အသုံးချရန်နှင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် အချိန်အခါအလိုက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့က စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စုပေါင်းဆောင်ရွက်သည့် နွေစပါး အထွက်တိုး ဆာဖိုးသာစပါးမျိုး အကွက်ကျယ်စံပြကွက်စိုက်ခင်းအတွင်း သီးနှံအထွက်နှုန်းတိုးတက်မြင့်ရေး ဥကပ်ပါးနဂျီလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)