ပွင့်ဖြူ ၂၇ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သဘင်လုပ်သားအဖွဲ့ဝင်များ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံသဘင် အစည်းအရုံးနှင့် CB – KMA Foducation တို့ ပူးပေါင်း၍ ဧပြီ ၂၇ ရက် ၊ နံနက် ၁၀ နာရီခွဲက ဆန် ၊ ဆီ ၊ ဆား ၊ ပဲ ၊ ကြက်သွန် အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုးအား ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်အတွက် နိုင်ငံတော်အစိုးရမှ လူစုလူဝေးများ မဖြစ်ပေါ်စေရေး ပွဲလမ်းသဘင်များ မကျင်းပရန် ညွှန်ကြားထားသည့်အတွက် မြန်မာနိုင်ငံ သဘင် အစည်းရုံးနှင့် CB – KMA Foducation တို့ ပူးပေါင်းအဖွဲ့က နိုင်ငံတစ်ဝန်းရှိ သဘင်လုပ်သားထု တစ်ရပ်လုံး စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် ၊ ပဲ စသည့် အခြေခံ စားသောက်ကုန်ပစ္စည်း(၅)မျိုးအား အမြို့မြို့အနယ်နယ်ရှိ သဘင်လုပ်သား များကို ထောက်ပံ့ လှူဒါန်းပေးနေကြောင်း မကွေးတိုင်းဒေသကြီးသဘင်အစည်းအရုံးဉက္ကဋ္ဌ ဦးမင်းခန့်ကို က ပြောကြားသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် သဘင်လုပ်သားအဖွဲ့ဝင် စုစုပေါင်း (၄၃)ဦး ရှိကြောင်း သိရပြီး နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် သဘင်လုပ်သားအဖွဲ့ဝင်တစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား ၊ ဆား(၅၀)ကျပ်သား ၊ ပဲ (၅၀)ကျပ်သား ၊ ကြက်သွန်(၁)ပိဿာ အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုးကို မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းခန့်ကိုနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် CB – KMA Foducation အဖွဲ့တို့ ကိုယ်စား လာရောက် ထောက်ပံ့လှူဒါန်းရာ ပွင့်ဖြူမြို့နယ်သဘင်အစည်းအရုံးအဖွဲ့ဉက္ကဌ ဦးဌေးဝင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး မြို့နယ်အတွင်းရှိ သဘင်လုပ်သားများထံ နေ့ချင်းပြီး ဝေငှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


