ပွင့်ဖြူ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး မျိုးကောင်းမျိုးသန့် စပါးမျိုးကွဲ(၃)မျိုးကို စိုက်ပျိုးထုတ်လုပ်၍ တောင်သူများထံ ဖြန့်ဖြူးဆောင်ရွက် ပေးလျက်ရှိရာ ယခု ၂၀၂၁ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင်လည်း မျိုးကောင်းမျိုးသန့် စပါးမျိုးကွဲ(၃)မျိုးအား ဆင့်ပွား မျိုး စိုက်ခင်းနှင့် မျိုးသန့်မျိုးပွားစိုက်ခင်းအဖြစ် ခွဲခြားပြီး လျာထားစိုက်ပျိုးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ် ထံက သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံဟာဆိုရင် နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး မျိုးကောင်းမျိုးသန့် စပါးမျိုးကွဲ(၃)မျိုးကို စိုက်ပျိုးထုတ်လုပ်ပြီး ရရှိလာတဲ့ စပါးမျိုးကောင်းမျိုးသန့်များကို တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း(၂၅)မြို့နယ်က ဒေသခံတောင်သူတွေကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွား စေရန်အတွက် ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာလည်း မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး စပါးမျိုးသန့် မျိုးကွဲ(၃)မျိုးကို ဧက ၁၂၀ လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာ ဧက ၁၀၀ စိုက်ပျိုး ဆောင်ရွက်ပြီးဖြစ်ပါတယ်။ စိုက်ပျိုးရန်ကျန်ရှိတဲ့ ဧက ၂၀ ကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီစိုက်ပျိုး ပြီးစီးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံအနေနဲ့ စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းကို နွေစပါး နဲ့ မိုးစပါး စိုက်ပျိုးရာသီမှာ နှစ်စဉ် စိုက်ပျိုးဆောင်ရွက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေစပါးစိုက်ပျိုးရာသီမှာတော့ ဆည်ရေအဆင်မပြေတဲ့အတွက် မစိုက်ပျိုးနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ခုတော့ ကျွန်တော်တို့ မျိုးသန့်ခြံမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် ဆိုလာစနစ်နဲ့ မြေအောက်ရေအသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် လာမည့်နွေကစပြီးတော့ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း တွေကို အဆင်ပြေစွာ စိုက်ပျိုးထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်း မျိုးသန့်ဖြန့်ဖြူးပေးခြင်းလုပ်ငန်း အနေနဲ့က နွေစပါးရာသီမှာဆိုရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ ဖြန့်ဖြူးဆောင်ရွက်ပေးတာဖြစ်ပြီး မိုးစပါးရာသီမှာ တော့ မေလနဲ့ ဇွန်လတွေမှာ ဖြန့်ဖြူးပေးတာဖြစ်ပါတယ်။ ယခု မိုးရာသီမှာ စိုက်ပျိုးတဲ့ မျိုးသန့်စပါးမျိုးကွဲ(၃)မျိုးကိုလည်း နိုဝင်ဘာလနဲ့ ဒီဇင်ဘာလလောက်မှာ ပြန်လည်ရိတ်သိမ်းပြီးတော့ မျိုးသန့်မျိုးစေ့များအဖြစ် တောင်သူတွေကို ပြန်လည် ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ် က ပြောကြား သည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


