ပွင့်ဖြူ   ၁၀  ဇန်နဝါရီ    

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် အခြေခံသမဝါယမအသင်းများသို့ (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

3

 

အသေးစားအရင်းအနှီးချေးငွေများ မထုတ်ချေးမီ ရှေးဦးစွာ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးသူ က (၁၁)ကြိမ်မြောက် ထုတ်ချေးမည့် EXIM Bank အသေးစားအရင်းအနှီးချေးငွေနှင့် စပ်လျဉ်း၍ ချေးငွေ အတိုးနှုန်းထား ပြောင်းလဲကောက်ခံသွားမည့်ကိစ္စရပ်များ၊ အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးများ တိုးမြှင့်ထုတ်ချေးပေးမည့်ကိစ္စရပ်များနှင့် အသင်းအမှုဆောင်များအား ချေးငွေစာရင်းဇယားများ စနစ်တကျ ပြုစုထားရှိရန်ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားကာ မြို့နယ်အသင်းစုဥက္ကဌ ဦးတင်အုန်းက ချေးငွေများ သတ်မှတ်ရက်အမီ အပြေအကြေ ပေးဆပ်ရန်ကိစ္စရပ်များ ၊ ငွေကြေးလုံခြုံမှုနှင့် ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးသူ ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးတင်အုန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းသား ၊ အသင်းသူများထံ (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲ အခမ်းအနားသို ပွင့်ဖြူမြိ့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးသူ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးတင်အုန်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အတွင်းမှ အခြေခံသမဝါယမအသင်းများမှ အသင်းသား၊ အသင်းသူများ ၊ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရကာ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေ ထုတ်ချေးပေးမည့် အခြေခံသမဝါယမ အသင်းပေါင်း ၂၃၆ သင်းမှ အသင်းသား စုစုပေါင်း ၁၇၃၆၄ ဦးအား ချေးငွေကျပ်သန်း ၂၀၁၈ ဒသမ ၄၁၄၅ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


  
ရဲဝင်းနိုင် (ညောင်ဦး)