ပွင့်ဖြူ ၁၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံဖြိုးရေး(VDP)စီမံကိန်း လုပ်ငန်းများ အတွက် ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းအရည်အသွေး ပြည့်မီစွာ စနစ်တကျ လုပ်ကိုင်နိုင်ရန်အတွက် AVIP ရေးဆွဲရေးနည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးထွန်းထွန်း က တက်ရောက်လာသည့် ကျေးရွာဖွံဖြိုးရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိတို့ကျေးရွာအလိုက် တာဝန်ယူဆောင် ရွက်ရမည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်နှင့် စီမံကိန်း၏ မူဘောင်များနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ကြိုးစားလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးပြည့်ဖြိုးကျော် က စီမံကိန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းပေးအပ်သည့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲသွားကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ကျေးရွားဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုက်နာရမည့် စည်းကမ်းချက်များ၊ AVIP ရေးဆွဲရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
၎င်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူများက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၆)ရွာမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များထံ စီမံကိန်းဖွံ့ဖြိုးရေး ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းကိုဖွင့်လှစ်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာပေါင်း ၁၆ ရွာမှ စီမံကိန်း ကြီးကြပ်မှု ကော်မတီများကို AVIP ရေးဆွဲရေးနည်းစနစ်များ၊ စီမံကိန်းငွေစာရင်းဇယား ပြုစုနည်းများနှင့် ထိန်းသိမ်းနည်းစနစ်များကို တစ်ရက်တာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )