ပွင့်ဖြူ ၂ မေ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေးအတွက် ဒေသခံကျေးလက်နေပြည်သူများ လိုအပ်သော သစ်၊ မျော၊ တိုင်၊ ထင်းများ ဖြန့်ဝေပေးသွားနိုင်ရေး ၂၀၂၀ ခုနှစ်၊ မိုးရာသီကာလတွင်စိုက်ပျိုးရန် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် သစ်မျိုးစုံ ပျိုးပင်ပေါင်း ၉၀ဝ၀ဝ ကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သစ်တောပြုန်းတီးမှုများကြောင့် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ လျော့နည်းကျဆင်းစေရန်၊ အပူဒဏ် ကာကွယ်ရေးနှင့် ရာသီဥတု ဂေဟစနစ် မျှတကောင်းမွန်စေရေးတို့အတွက် နှစ်စဉ် အရိပ်ရပျိုးပင်များဖြစ်သည့် ရှား၊ ယူကလစ်၊ တမာ၊ ဗီယက်နမ်မန်ဂျက်ရှား၊ မယ်ဇလီ၊ ဝါး၊ မာတာကွတ် စသည့် သစ်မျိုးစုံတို့ကို ပျိုးထောင်ထားရှိကာ ကျေးရွာသုံးစိုက်ခင်း၊ (ထူးစိမ်း)တစ်အုပ်တစ်မစိုက်ခင်း၊ (ထူးစိမ်း) တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းနှင့် အခြားစိုက်ခင်းများ ဟူ၍ အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေနဲ့ ယခု ၂၀၂၀ ခုနှစ်၊ မိုးရာသီကာလမှာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အပူဒဏ်ကာကွယ်ရေး၊ သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဂေဟစနစ် မျှတကောင်းမွန်ရေးတို့အတွက် ရည်ရွယ်ပြီး သစ်မျိုးစုံ အရိပ်ရ ပျိုးပင်ပေါင်း ၉၀ဝ၀ဝ ကျော် စိုက်ပျိုးသွားဖို့ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ မိုးရာသီမှာ စိုက်ပျိုးမယ့် အရိပ်ရပျိုးပင်တွေကို စိုက်ပျိုးမယ့်နေရာတွေအရောက် ပို့ဆောင်ထားရှိပြီးဖြစ်ပါတယ်။ စိုက်ပျိုးမည့်နေရာတွေကတော့ ကျေးရွာသုံးစိုက်ခင်း အနေနဲ့ ဧက(၈၀)မှာ ယူကလစ်(၁၂၄၂၀)ပင်၊ ရှား(၂၉၇၀ဝ)ပင်၊ ဝါး (၁၀၈၀)ပင် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ (ထူးစိမ်း)တစ်အုပ် တစ်မစိုက်ခင်းအနေနဲ့ အရိပ်ရပင်(၁၅၀ဝ)ကိုတော့ တမာ(၁၂၀ဝ)ပင်၊ ဗီယက်နမ်မန်ဂျက်ရှား(၂၀ဝ)ပင်နဲ့ မာတာကွတ်(၁၀ဝ)ပင် စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး၊ (ထူးစိမ်း)တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းအနေနဲ့ မယ်ဇလီ (၂၅၀ဝ)ပင်၊ ရှား (၁၇၀ဝ)ပင်၊ တမာ(၈၀ဝ)ပင် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ အခြားစိုက်ခင်းအနေနဲ့ကတော့ ဧက(၃၀)စိုက်ပျိုးသွားမှာဖြစ်ပြီး ယူကလစ်(၁၀၈၉၀)ပင်၊ ရှား(၂၅၄၁၀)ပင် စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဌာနအနေနဲ့ သစ်တော ပြုန်းတီးမှုလျော့ချနိုင်ရေးအတွက် တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းများမှ ထွက်ရှိသော သစ်၊ တိုင်၊ မျော၊ ထင်းများကို ဒေသခံကျေးလက်နေ ပြည်သူများထံ နှစ်စဉ်ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပြီး ထင်းလောင်စာလျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင့် အေဝမ်းမီးဖိုများကိုလည်း ကျေးရွာနေပြည်သူများကို အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၀ မိုးရာသီမှာလည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စုစုပေါင်း သစ်မျိုးစုံ အရိပ်ရပင် ၉၀ဝ၀ဝ ကျော် စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်း က ပြောပြသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)