ပွင့်ဖြူ ၂၇  ဇူလိုင်      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှု အခြေအနေများကို ဇူလိုင် ၂၇ ရက်၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ဦးဆောင်သော ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကော်မတီဝင်များက မဲစာရင်းများ စနစ်တကျ ကပ်ထားကြေညာပေးခြင်း ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  

အဆိုပါ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် အဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ သက်တော်ရှည်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်များသို့ သွားရောက်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမဖြစ်စေရန်နှင့် မဲစာရင်းများ ပိုမိုတိကျ မှန်ကန်စေရေးအတွက် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၏ အသိပေးထုတ်ပြန် ကြေညာထားသော မဲစာရင်းများ သတ်မှတ်နေရာများတွင် စနစ်တကျ ထုတ်ပြန်ကြေညာခြင်း ရှိ/ မရှိနှင့် မဲစာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် လစ်လပ်နေမှုများ ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိမိတို့နယ်မြအလိုက် ရပ်ကွက်နေပြည်သူများ မဲစာရင်းတွင် ပါ ၊ မပါ ကြည့်ရှုနိုင်ရေးအတွက် နေ့စဉ် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသောပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသော စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်း ဥပဒေ၊ နည်းဉပဒေများကို အလေးထား လိုက်နာပြီး တိကျမှန်ကန်သော မဲစာရင်းများဖြစ်စေအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း (၈၆)ရုံ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ၊ စုစုပေါင်း မဲရုံ(၁၆၀) စီစဉ်ထားရှိကြောင်း သိရပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ ကျား ၆၁၆၈၀ ဦး၊ မ ၇၀၈၆၄ ဦး၊ စုစုပေါင်း ၁၃၂၅၄၄ ဦး ရှိကြောင်း သိရသည်။ ယခု ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ (၁၄)ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

ရဲဝင်းနိုင် (ပြန်/ဆက်)